မြန်မာနွေဦး ခရိုနီကယ် – သြဂုတ် ၂၅ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၂၆၊ ၂၀၂၄
စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေး နဲ့ အကြမ်းဖက်နှိမ်နှင်းရေးဖွဲ့စည်းရေး အကြံ
စစ်အာဏာသိမ်းပြီးနောက်မှာ ပြည်တွင်းစစ်မီး ပြန်လည်အရှိန်မြင့်လာခဲ့ရာက ၂ နှစ်ကျော်အကြာမှာတော့ အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ ပြုန်းတီးလာတဲ့ စစ်တပ်အင်အားအတွက် ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို အသက်ဝင်စေပြီး အဆိုပါ ဥပဒေနဲ့ ဆက်စပ်ပြီး အချိန်ပြည့် တာဝန်မရှိတဲ့ ပြည်သူ့စစ် ဖွဲ့စည်းဖို့ကိုပါ တလက်စတည်း အကြံဉာဏ်ထုတ် လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။
၂၀၁၀ ပြည့်နှစ်က ရွေးကောက်ပွဲ မကျင်းပခင်၊ နအဖ အာဏာမလွှဲအပ်ခင် မှာ အဲဒီအချိန်က စစ်အစိုးရခေါင်းဆောင် ဖြစ်သူ ဦးသန်းရွှေက ဒီဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး အဲဒီအချိန်ကာလမှာ မလိုအပ်သေးလို့ အသက်မသွင်းခဲ့ပေမယ့် ၂၀၂၃ ခုနှစ် စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာမှာတော့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဒီဥပဒေကို အသက်သွင်းပြီး လတွင်းချင်း စစ်သားသစ် စုဆောင်းရေးတွေ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်၊ ပညာရှင် ဆိုခဲ့ရင် ၄၅ နှစ်အတွင်းမှာ အကျုံးဝင်နေတဲ့ လူငယ်တွေ အများအပြား အိမ်နီးချင်းနိုင်ငံတွေ ကို ထွက်ခွာကြတဲ့ အဖြစ်အပျက်တွေ လွန်ခဲ့တဲ့ ၆ လကျော်ကာလအတွင်း ကျယ်ပြန့်စွာ ဖြစ်ပွားခဲ့ပါတယ်။ အချို့လူငယ်တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ သွားရောက်ခဲ့သလို အချို့ကတော့ ပြည်တွင်းမှာ သတိနဲ့ ဆက်လက်နေထိုင်ကြတာ၊ အချို့က ရွှေ့ပြောင်းလုပ်သား သို့မဟုတ် ကာလတခုထိ အိမ်နီးချင်းနိုင်ငံတွေမှာ သွားရောက်နေထိုင်ကြဖို့ လုပ်ဆောင်နေကြတာတွေ ပတ်ဝန်းကျင်မှာ တွေ့မြင်ကြားသိနေရတာ ဖြစ်ပါတယ်။
ပြည်တွင်းစစ် ဖြစ်ပွားနေခြင်း မရှိတဲ့ နိုင်ငံတွေအဖို့၊ နိုင်ငံသားတွေရဲ့ ရွေးချယ်မှုနဲ့ အုပ်ချုပ်တဲ့ ရွေးကောက်ခံ အစိုးရတွေ အောက်က နိုင်ငံတွေမှာတော့ စစ်မှုမထမ်းမနေရ ဥပဒေဟာ ဘာမှ မှားယွင်းခြင်း မရှိသလို၊ နိုင်ငံသားတွေအနေနဲ့လည်း နိုင်ငံသားတယောက်ရဲ့ တာဝန်ကို ကျေပွန်ဖို့ ဆိုတဲ့ အသိနဲ့ အများစုက ထမ်းဆောင်ကြပေမယ့် မြန်မာနိုင်ငံရဲ့ လက်ရှိရောက်နေတဲ့ အနေအထားက အထက်ကရည်ညွှန်းတဲ့ နိုင်ငံတွေနဲ့ လုံးလုံး ခြားနားပြီး ပြည်တွင်းစစ်မီး အရှိန်နဲ့ တောက်လောင်နေတဲ့ နိုင်ငံ၊ စစ်ကောင်စီဘက်ကို ဆန့်ကျင် ဖြုတ်ချဖို့ ကိုယ်တိုင် မလုပ်နိုင်သေးသည့်တိုင် စစ်ကောင်စီ ရပ်တည်ရေးအတွက် စစ်ပွဲထဲ ပါဝင်မတိုက်ခိုက်လိုခြင်း၊ လူထုကို နှိပ်စက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်ထဲ အဓမ္မ ဆွဲသွင်းခံရတဲ့ အနေအထားက ဂုဏ်သိက္ခာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ၂ ခုစလုံး ဆုံးရှုံးမယ့် အနေအထားဖြစ်တဲ့ အခြေအနေ၊ စစ်ကောင်စီတပ်တွေ အနေနဲ့ တိုက်ပွဲအများစုမှာ အရှုံးနဲ့ ရင်ဆိုင်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေထဲ လိုက်ပါခြင်းဟာ အသက်ဆုံးရှုံးဖို့ ရာခိုင်နှုန်း ၇၀ လောက်ရှိနေတဲ့ အနေအထားတွေက စစ်မှုမထမ်းမနေရ ဥပဒေကို ဖြစ်တဲ့နည်းနဲ့ ရှောင်တိမ်းကြဖို့ ဖြစ်လာစေခဲ့တာပါ။
ဖေဖော်ဝါရီလကနေ အခု သြဂုတ်လအတွင်း မြန်မာနိုင်ငံက လူငယ် ထောင်သောင်းနဲ့ချီ ထွက်ခွာလာခဲ့ကြပြီး နိုင်ငံအနေနဲ့ လူငယ်ထုလုပ်အား ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။
အခု တဖန် ပြည်သူ့စစ်အဖွဲ့နဲ့ သဏ္ဌာန်တူတဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းရေးလို့ အမည်ပေးထားတဲ့ ရပ်ရွာ လုံခြုံရေး ခေါင်းစဥ်နဲ့ ကျေးရွာတွေနဲ့ မြို့တွေမှာ အခြေပြုပြီး ကိုယ့်နယ်၊ ကိုယ့်ရွာ၊ ကိုယ့်မြို့ကို PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ လာရောက် တိုက်ခိုက်လာမှာကို ကာကွယ်မယ့် အဖွဲ့တွေ ဖွဲ့ဖို့ ကြံစည်ခြင်းဟာ စစ်ကောင်စီရဲ့ စစ်ရေးအရ နောက်ဆုံးသော ကောက်ရိုးတမျှင် ဖြစ်ပါလိမ့်မယ်။ စစ်မှုမထမ်း မနေရ ဥပဒေအရ စုဆောင်းမယ့် လူအင်အားကို တနှစ်တာ ၆ သောင်းအနေနဲ့ တွက်ချက်မယ် ဆိုရင် ကိန်းဂဏန်းအရ စစ်ကောင်စီ အနေနဲ့ ပြုန်းတီးမှုကို ဖာထေးဖို့ လိုအပ်တဲ့ အရေအတွက်ထက် ပိုကောင်း ပိုနေတာ ဖြစ်ပေမယ့် စုဆောင်းရရှိတဲ့ လူအင်အားရဲ့ တိုက်ခိုက်စွမ်းရည်၊ စိတ်ဓါတ်ပိုင်း အရကြည့်ရင် အားရစရာ မရှိတာတွေ တွေ့မြင်နေရတဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။ မတ်လ လောက်ကတည်းက အလောသုံးဆယ် စုဆောင်းပြီး အချို့ကို တိုင်းရင်းသား လက်နက်ကိုင်၊ PDF တွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်မျက်နှာတွေ ဆီပို့ဆောင်ခဲ့ပြီး ဖြစ်တာလည်း တွေ့ရမှာ ဖြစ်ပါတယ်။ အခုလို လူအင်အားအနေနဲ့ လစဥ် ထောင်နဲ့ချီ တိုးစုဆောင်းလာနိုင်ပေမယ့် စစ်ကောင်စီ အနေနဲ့ မေ၊ ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်လတွေမှာ စစ်မျက်နှာတိုင်း အရှုံးနဲ့ တောက်လျှောက် ရင်ဆိုင်နေရတာ ကို ကြည့်ရင် စစ်မှုမထမ်းမနေရ ဥပဒေက စစ်ကောင်စီ အတွက် အသက်ကယ်ဆေး မဟုတ်တာကို တွေ့ရပါလိမ့်မယ်။
အခု ဆက်လက်လုပ်ဆောင်မယ့် အသက် ၃၅ ကနေ ၆၅ နှစ်အကြား အမျိုးသားတွေ ပါဝင်မယ့် ရပ်ရွာ ကာကွယ်ရေးက ဘယ်လောက်ထိ စစ်ကောင်စီရဲ့ စစ်ရေး အရှုံးကို အဖတ်ဆယ်ပေးနိုင်မလဲ ဆိုတာ လောလောဆယ်မှာ ယတိပြတ် မပြောနိုင်သေးတဲ့ အနေအထား ဖြစ်ပါတယ်။ ရပ်၊ ရွာထဲက အမျိုးသားတွေကို အချိန်တို စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ကာ မြို့ရွာကာကွယ်ရေး အစီအစဥ်က စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုတွေဆီ လက်နက်ခဲယမ်းတွေ ဘက်ပြောင်း ရောက်ရှိစေမလား၊ သို့မဟုတ် ရပ်ရွာကာကွယ်ရေးအဖွဲ့တွေအလိုက် မြို့ရွာကို သိမ်းယူဖို့လာတဲ့ တိုင်းရင်းသား လက်နက်ကိုင်၊ PDF တွေနဲ့ ပူးပေါင်းသွားတာမျိုးတွေ ဖြစ်လာမလားဆိုတာတော့ စောင့်ကြည့်ရဦးမယ့် အခြေအနေတွေ ဖြစ်ပါတော့တယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
إرسال تعليق