အညာဒေသသို့ တော်လှန်ရေးတပ်များ ဘာ့ကြောင့်ထိုးစစ်ဆင်လာရသလဲ - Myanmar Now


မြန်မာပဒေသရာဇ်နိုင်ငံတော်များ အခြေစိုက်ခဲ့သည့် နိုင်ငံအလယ်ပိုင်း မြေပြန့်လွင်ပြင်ကျယ်များ တည်ရှိရာ အညာဒေသသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အားကောင်းသည့် ရှမ်း၊ ကချင်၊ ချင်းဒေသများနှင့် ထိစပ်နေပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစု နှစ်ဖက်လုံးအတွက် စစ်ရေးအရအရေးပါသည့် ဒေသဖြစ်သည်။

ငြိမ်းချမ်းစွာ ဆန္ဒပြကြစဉ် အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်သောကြောင့် လက်နက်ကိုင်လမ်းစဉ်ကို မဖြစ်မနေရွေးချယ်လိုက်ကြသည့် တော်လှန်ရေးမျိုးဆက်သစ်လူငယ်များသည် တောင်ပေါ်ဒေသ တိုင်းရင်းသားလက်နက်ကိုင်တပ်များထံ စစ်ပညာ သွားရောက်သင်ယူခဲ့ကြသည်။

ထို့နောက် တစ်ချိန်က ၎င်းတို့စွန့်ခွာခဲ့ရသည့် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းတို့မှ မြို့ရွာများကို စစ်ကောင်စီလက်အောက်မှ လွတ်မြောက်ရန် ထိုးဖောက်ဝင်ရောက်လာနေကြသည်။

စစ်ကောင်စီတပ်က တိုက်လေယာဉ်များ၊ လက်နက်ကြီးပစ်ကူများ အသုံးပြုကာ အစွမ်းကုန် ခုခံကာကွယ်နေသော်လည်း ဆက်လက်အရေးနိမ့်နေသည်။

ရှမ်းပြည်နယ်မှတစ်ဆင့် မန္တလေးတိုင်းအတွင်းသို့ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စစ်ဆင်ရေးကို မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ MDY-PDF က ဦးဆောင်နေပြီး “၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း” ခေါ် “ရှမ်း-မန်း စစ်ဆင်ရေး” ဟု အမည်ပေးထားသည်။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့မှာ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) နှင့် အာရက္ခတပ်တော် (AA) တို့ဖြစ်သည်။

ဇွန် ၂၅ က စတင်ခဲ့သော ထိုစစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် စခန်းကြီး အပါအဝင် ကျောက်မဲ၊ သီပေါ အစရှိသော မြို့နယ်များ၊ စစ်စခန်းများကို မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

အဆိုပါ တိုင်းစစ်ဌာနချုပ် လက်လွှတ်ဆုံးရှုံးရခြင်းသည် မြန်မာစစ်တပ်သမိုင်းတွင် စစ်တိုင်းကြီးတစ်ခုလုံး တော်လှန်ရေးတပ်များထံ ပထမဆုံးအကြိမ်အဖြစ် ကျသွားခြင်းဖြစ်သည်။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ဦးဆောင်မှု၊ MDY-PDF အပါအဝင် အညာဒေသမှ PDF များ၏ စည်းလုံးညီညွတ်မှုအားကြောင့် မန္တလေးတိုင်း မိုးကုတ်၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့တို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

စဉ့်ကူးမြို့ကို သိမ်းပိုက်အပြီး တွေ့ရသော MDY-PDF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-MDY-PDF)

မန္တလေးမြို့ မြောက်ဘက် မတ္တရာမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ် စခန်းပေါင်း ၃၅ ခုအထိ သိမ်းပိုက်နိုင်ခဲ့သည်ဟု ထိုစစ်ဆင်ရေးကို အဓိက ဦးဆောင်သည့် MDY-PDF က ဇူလိုင် ၃၁ က ထုတ်ပြန်ထားသည်။

တော်လှန်ရေးတပ်ပေါင်းစုများ၏ ထိုးစစ်သည် ထိုမျှသာမကဘဲ မန္တလေးတိုင်းနှင့် ဆက်စပ်နေသော စစ်ကိုင်းတိုင်းဒေသများအထိပါ ကျယ်ပြန့်လာနေသည်။

“မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO)”


မန္တလေးမြို့ မြောက်ဘက် မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများပြင်းထန်နေသလို မြို့တောင်ဘက် တံတားဦးနှင့် မြင်းခြံခရိုင်အတွင်းရှိ စစ်တပ်စခန်းများကိုလည်း ယခုလ ဩဂုတ် ၁၀ ရက်နေ့က စတင်ကာ တော်လှန်ရေးတပ်ဖွဲ့များက တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

ထို မန္တလေးတောင်းပိုင်းစစ်ဆင်ရေးကို “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (MDSO)” ဟု အမည်ပေးထားသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တိုင်းရင်းသားမဟာမိတ်တပ်များနှင့် စုဖွဲ့ထားသည့် မြောက်ပိုင်းစစ်ဒေသ (စစ်ဒေသ ၁) ၏ ဦးဆောင်မှုဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

ထိုအထူးစစ်ဆင်ရေးက မန္တလေးတိုင်းတောင်ဘက်၊ မြင်းခြံခရိုင်အတွင်းရှိ နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာမြို့များရှိ စစ်တပ်အခြေစိုက်စခန်းများကို တစ်ပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ရန် ရည်ရွယ်သည်ဟု NUG လက်အောက်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၏ မြင်းခြံခရိုင် တပ်ရင်း (၈) ယာယီတပ်ရင်းမှူးက ပြောသည်။ 

“အညာဒေသမှာ ဗျူဟာမြောက်ထိုးစစ်စတင်တာပေါ့။ ရက်အကန့်အသတ်မရှိ ထိုးစစ်ဆင် တိုက်ခိုက်သွားဖို့ရှိတယ်” ဟု ၎င်းက ပြောသည်။

စစ်ဆင်ရေးစတင်သည့်​ ဩဂုတ် ၁၀ နံနက်တွင် မြင်းခြံမြို့ လေးရွာဆုံရွာရှိ စစ်ကောင်စီနှင့် ၎င်းတို့လက်အောက်ခံ အရပ်ခေါ် ပျူစောထီး (ပြည်သူ့စစ်) စခန်း၊ တောင်သာမြို့နယ်၊ ဝဲလောင်ကျေးရွာရှိ လျှပ်စစ်ဓာတ်အားခွဲစက်ရုံ အပါအဝင် နွားထိုးကြီးမြို့ ရှိ စစ်တပ်စခန်း ၄ ခုနှင့် မြို့ကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။

နွားထိုးကြီးမြို့ ဆိုင်းဘုတ်အနီး တွေ့ရသည့် တော်လှန်ရေးအင်အားစု။ (ဓာတ်ပုံ – ပေးပို့)

ယမန်နေ့ ဩဂုတ် ၂၂ အထိ တံတားဦးနှင့် မြင်းခြံခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၂၀ ထက်မနည်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သော်လည်း ထိန်းချုပ်တပ်စွဲထားရန် အခက်အခဲရှိ၍ မီးရှို့ဖျက်ဆီးပြီး ပြန်လည်ဆုတ်ခွာခဲ့ကြသည်ဟု သိရသည်။

“ကျွန်တော်တို့ စလုပ်ကတည်းက ကျွန်တော်တို့ရဲ့ အနေအထားကို ကျွန်တော်တို့သိတဲ့အတွက်ကြောင့် စခန်းတွေကို တိုက်မယ်၊ ရအောင်သိမ်းမယ်၊ ပြီးရင် မထိန်းဘူးပေါ့၊ အဲဒီလိုအနေအထားနဲ့ တိုက်တာ။ ထိန်းဖို့လဲ ကျွန်တော်တို့ အင်အားက ကြာကြာမထိန်းနိုင်ဘူး” ဟု ယာယီတပ်ရင်းမှူးက ပြောသည်။

တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ဆင်မှုကို စစ်ကောင်စီတပ်က နွားထိုးကြီးမြို့အပါအဝင် အနီးဝန်းကျင်မှ ကျေးရွာများကို နေ့စဉ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ကာ လက်တုံ့ပြန်နေသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့သိမ်းတိုက်ပွဲများနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်၍ ရှေ့တန်းတပ်စခန်းများမှ ဆုတ်ခွာကာ မြင်းခြံ၊ တောင်သာနှင့် နွားထိုးကြီး မြို့ပေါ်များတွင် အင်အားများစုစည်းပြီး အခိုင်အမာတပ်စွဲကာ ခံစစ်ပြင်နေသည်ဟု ၎င်းက ဆိုသည်။

စစ်ဆင်ရေးများ လက်နက်ခဲယမ်းလိုအပ်ချက်

မန္တလေးတိုင်းမြောက်ဘက် မတ္တရာမြို့နယ်အတွင်းရှိ “ရှမ်း-မန်း စစ်ဆင်ရေး” မှာမူ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၏ အကူအညီဖြင့် လက်နက်ခဲယမ်း အကူအညီများစွာရ၍ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနိုင်သော်လည်း မန္တလေးတောင်ပိုင်း မြင်းခြံခရိုင်အတွင်းရှိ NUG-MOD လက်အောက်ခံတပ်များမှာမူ လက်နက်ခဲယမ်းလိုအပ်ချက်များဖြင့် ရင်ဆိုင်နေရသည်။

မြင်းခြံခရိုင်းအတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ Local PDF များ၊ မြို့နယ် ပ.က.ဖ များက စစ်တပ်စခန်းများကို ညီညွတ်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း လက်နက်ခဲယမ်းလိုအပ်ချက်များကြောင့် ပြန်လည်ဆုတ်ခွာပေးနေရသည်။  

“အဓိကကတော့ ခဲယမ်းပါပဲ။ လက်နက်ကတော့ ကျွန်တော်တို့ အတော်လေးကို ပြည့်စုံနေတဲ့ အနေအထားမှာရှိပါတယ်။ လေယာဉ်ပစ်လက်နက်တွေမရှိတာကလွဲရင်၊ ခရိုင်အနေအထားနဲ့ဆိုရင် တော်လှန်ရေးအစနဲ့စာရင်တော့ တော်တော်လေးကို ပြည့်စုံနေပြီပေါ့”

စစ်ကောင်စီတပ်က မြင်းခြံမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခမရ (၁၅) နှင့် ကျောက်ပြုကျေးရွာအနီးရှိ ဘုရားကုန်းပေါ်မှ လက်နက်ကြီးများဖြင့် အနီးအနားရှိ ကျေးရွာများကို ညစဉ် ပစ်ခတ်နေသည်ဟု သူက ဆိုသည်။

ထိုတော်လှန်ရေးတပ်ဖွဲ့များသည် ဒေသခံလူထုအကူအညီဖြင့်သာ လက်နက်တပ်ဆင်နေရပြီး လက်နက်ခဲယမ်း လိုအပ်ချက်အခက်အခဲကို ရင်ဆိုင်နေရသည်ဟု ယင်းဒေသအခြေစိုက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗ.က.သ) ကျောင်းသားခေါင်းဆောင် ကိုကျော်သီဟရဲကျော်က သုံးသပ်သည်။

ထိုသို့ လက်နက်ခဲယမ်း လိုအပ်ချက်ရှိနေသည့်တိုင် စစ်ကောင်စီတပ်များကို ထိခိုက်ကျဆုံးများအောင် တိုက်ခိုက်နေနိုင်ပြီး စစ်ကောင်စီတပ်များသည် မြင်းခြံခရိုင်အတွင်းသို့ စစ်ကြောင်းမထိုးနိုင်တော့ကြောင်း ၎င်းက ဆိုသည်။

ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့သော အမှတ် (၁) စစ်ဒေသ၊ ပခုက္ကူခရိုင် အမှတ် (၁၃) တပ်ရင်း မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားမှ PDF တပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ- NUG ကာကွယ်ရေးဝန်ကြီးဌာန)

“မြေပြင်စစ်ကြောင်းကတော့ အရင်ကလိုမျိုး စစ်ကြောင်းထိုးနိုင်တာ မရှိတော့ပါဘူး။ အဓိကတော့ မြင်းခြံခရိုင်ဘက်မှာရှိတဲ့ ရွာတွေကို နေ့တိုင်းနီးပါး လေကြောင်းသုံး တိုက်ခိုက်နေတာဖြစ်တဲ့အတွက် လူထုက တိမ်းရှောင်နေရတယ်။ စိုးရိမ်ပူပန်နေရတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်များသည် အဓိကအရေးပါသည့် မြို့ကြီးများနှင့် ၎င်းတို့ကို သစ္စာခံထားသော ပျူစောထီး အခိုင်အမာရှိသည့် ကျေးရွာတချို့တွင်သာ တပ်စွဲထားနိုင်ပြီး လက်နက်ကြီးနှင့် လေယာဉ်ပစ်ကူကိုသာ အားကိုးနေရသည်။

လက်နက်ခဲယမ်းလုံလောက်မှုမရှိ၍ စစ်ကိုင်းတိုင်းရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နှင့် မိုင် ၄၀ သာ ကွာဝေးသည့် ဒီပဲယင်းမြို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သော်လည်း ပြန်ဆုတ်ပေးခဲ့ရသည်။

ဩဂုတ် ၁၈ နံနက်ပိုင်းတွင် ဒီပဲယင်းမြို့ကို နာရီပိုင်းသာ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီလေတပ်က ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်၊ ရဟတ်ယာဉ်ဖြင့် စစ်ကူအင်အား ၂၀၀ ကျော်ကို စစ်ကူပို့ခဲ့၍ တော်လှန်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ရခြင်း ဖြစ်သည်။

ထို့ပြင် မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်ရာတွင် ခံစစ်ဗျူဟာနှင့် မြို့ကို စစ်ရေးအရ မည်သို့မည်ပုံ ထိန်းချုပ်မည်ဆိုသော အစီအစဉ်များကို ထည့်သွင်းစဉ်းစားကာ ပြင်ဆင်ထားသင့်သည်ဟု အညာဒေသတွင် အခြေစိုက်လှုပ်ရှားနေသည့် 96 Soldiers အဖွဲ့ တာဝန်ခံ ကိုဇေယျာလွင်က ပြောသည်။

“ဒီမြို့ရဲ့ အရှေ့အနောက်တောင်မြောက်မှာ ဘယ်လို ကာကင်းတွေ ယူကြမလဲ၊ ဘယ်လို ခံစစ်ဗျူဟာတွေနဲ့ မြို့ကို စစ်ရေးအရ ဘယ်လိုထိန်းသိမ်းမလဲဆိုတဲ့ Plan မျိုး ကျွန်တော်တို့တွေ လေ့ကျင့်ပြင်ဆင်ထားတာမျိုးတွေ မရှိထားဘူး” ဟု ၎င်းက ပြောသည်။

ဒီပဲယင်းမြို့ကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်တပ် လေကြောင်းပစ်ကူနှင့် ရင်ဆိုင်ခဲ့ရပြီး လက်နက်ခဲယမ်းလုံလောက်မှုမရှိခြင်းကြောင့် ဆုတ်ခွာရခြင်း ဖြစ်သည်ဟု ကိုဇေယျာလွင်က ဆိုသည်။

လမ်းများအားလုံး နေပြည်တော်သို့

စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတို့ ပါဝင်သည့် အညာဒေသကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တို့က အဓိက ကွပ်ကဲနေပြီး ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁၊ စစ်ကိုင်းအခြေစိုက် တပ်မ ၃၃၊ မကွေးအခြေစိုက် တပ်မ ၈၈၊ မိတ္ထီလာအခြေစိုက် တပ်မ ၉၉ တို့ဖြင့် ဖွဲ့စည်းထားသည်။

အညာဒေသရှိ အရေးကြီးသည့် မဟာဗျူဟာထောက်ပို့လမ်းများကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး စစ်ကောင်စီသည် လေကြောင်းအားပြုပြီးသာ ထောက်ပို့နေရသည်ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဩဂုတ် ၁၅ အင်တာဗျူးတွင် Myanmar Now ကို ဖြေကြားထားသည်။

ထို့ပြင် စစ်ကောင်စီတပ်များကို ဝိုင်းပတ်၊ ပိတ်ဆို့ထားသည့် မြို့များကို အနှေးနှင့်အမြန် သိမ်းယူသွားမည်ဖြစ်ပြီး ၎င်းတို့ ထုတ်ဖော်ပြောဆိုထားသည့် “လမ်းအားလုံး နေပြည်တော်သို့” ဟူသည့် မဟာဗျူဟာကို ဆက်လက်ဖော်ဆောင်နေသည်ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဆိုသည်။

“ကျွန်တော်တို့မှာ ‘လမ်းအားလုံး နေပြည်တော်သို့’ လို့ အမည်ပေးထားတဲ့ မဟာဗျူဟာစီမံချက် ရှိတယ်။ ဒီစီမံချက်ကို အကောင်အထည်ဖော်တဲ့နေရာမှာ ထုအင်အား တည်ဆောက်ပြီးတော့ မဟာဗျူဟာထိုးစစ်ဆင်မယ်ဆိုတာ ၂၀၂၃ ခုနှစ်ကတည်းက ပြည်သူကို အသိပေးထားပြီး ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်ကာလတွင်း မြို့ ၇၅ မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်၊ ထိန်းချုပ်ထားနိုင်ပြီး မြို့ ၁၀၅ မြို့တွင် ဝိုင်းပတ်ပိတ်ဆို့ထားသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အညာဒေသကို အာဏာသိမ်းစစ်တပ်က ယခုနောက်ပိုင်းတွင် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူအားကိုသာ အဓိကအသုံးပြုနေရသည်ဆိုသော်လည်း စစ်တပ်က လေ့ကျင့်ပိုင်နိုင်ထားသည့် မြေပြန့်ဒေသစစ်ဗျူဟာဖြစ်၍ ဂရုစိုက်ရမည့် ဒေသဖြစ်သည်ဟု CDM  ဗိုလ်ကြီးဇင်ယော်က ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို ဆန့်ကျင်သူ စစ်မှုထမ်းသက်တမ်း နှစ် ၂၀ ရှိသည့် ဗိုလ်ကြီးဇင်ယော်သည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။

“စစ်တပ်ဘက်ကတော့ သေနင်္ဂဗျူဟာအရဆိုရင်တော့ သမားရိုးကျစစ်ဆင်ရေးနဲ့ စစ်ဆင်နေကြတဲ့ မြေအနေအထားမျိုး။ တိုက်စစ်၊ ခံစစ်၊ ခွာစစ်မှာ မြေအနေအထားက တောတောင်၊ လျှိုမြောင်၊ EROs နယ်မြေတွေလောက် မများပြားဘူးပေါ့ ” 

“သူတို့ ကျွမ်းကျင်တဲ့ သူတို့ လေ့ကျင့်ထားပိုင်နိုင်ထားတဲ့ စစ်ရေးဗျူဟာမျိုးတော့ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်း တွေ့ရသော 96 Soldiers PDF တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- 96 Soldiers)

အညာဒေသတွင် တိုက်ပွဲများ ဖော်ဆောင်ပါက ခရိုင် PDF တပ်ရင်းနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကြား ယုံကြည်မှုတည်ဆောက်ထားရန် လိုအပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

“ကျွန်တော်တို့ စစ်ကူ၊ ပစ်ကူပေါ့။ ပစ်ကူ မတတ်နိုင်ရင်တော့မှ စစ်ကူ၊ ခဲယမ်း၊ ရိက္ခာပို့ ၊ လူနာကောက် အဲဒီလိုမျိုး အစီအမံတွေပေါ့။ အခုမြင်နေရတဲ့ အနေအထားကတော့ အဲဒီအနေအထားကို မရောက်သေးဖူးပေါ့” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

အခြားမဟာမိတ်အင်အားစုများ တိုက်ပွဲဖော်ဆောင်နေသည့် အချိန်တွင် အညာဒေသတွင် တိုက်ပွဲဖော်ဆောင်ပါက စစ်တပ်အင်အားနည်းချိန်ဖြစ်နေ၍ ပိုမိုအောင်မြင်နိုင်သည်၊ မြို့သိမ်းတိုက်ပွဲများဖော်ဆောင်နိုင်သော်လည်း ခဲယမ်းလိုအပ်ချက်ရှိနေ၍ မြို့ကို ဆက်လက်ထိန်းသိမ်းထားရန် ခက်ခဲနေသေးသည်ဟု NUG လက်အောက်ခံ မြင်းခြံခရိုင် PDF တပ်ရင်း (၁) ၏ တပ်ရင်းမှူး ကိုဝမ်းတူးက ဆိုသည်။

“စစ်ရဲ့ သဘောက အမာရှောင် အပျော့စားပေါ့။ အဲဒီစစ်နည်းဗျူဟာကို သုံးပြီး တိုက်ရတာပေါ့။ အမာနေရာကို တိုက်မယ့်အစား စစ်အင်အားနည်းမယ့်နေရာကို တိုက်ရင် ပိုပြီးတော့လဲ အောင်မြင်နိုင်တယ်” ဟု ၎င်းက ပြောသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားသည့် “လမ်းအားလုံးနေပြည်တော်သို့” မဟာဗျူဟာစီမံချက်အရဆိုပါကလည်း မန္တလေးမြို့၏ ဝင်ပေါက်လည်းဖြစ်၊ ရန်ကုန်- မန္တလေး အမြန်လမ်းဘေးတွင် ရှိ၍ မြင်းခြံခရိုင်သည် စစ်ရေးမဟာဗျူဟာအရ အရေးပါသည်။

တော်လှန်ရေးအင်အားစုများ အထူးစစ်ဆင်ရေးအဖြစ် တိုက်ပွဲများဖော်ဆောင်နေသော မြင်းခြံဒေသသည် နေပြည်တော်သို့ ဦးတည်နေသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမ၏ အဓိကအသက်သွေးကြောလည်းဖြစ်၍ စစ်ရေးဗျူဟာအရ အရေးပါသည်ဟု မြင်းခြံဒေသခံ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုနွေဦးနိုင် (အမည်လွှဲ) က သုံးသပ်သည်။

“ဗျူဟာအရဆိုရင်တော့ အမြန်လမ်းကို ထိန်းချုပ်နိုင်ဖို့ လိုတယ်” ဟု ၎င်းက ပြောသည်။

မြို့တစ်မြို့သိမ်းပိုက်နိုင်ရုံ၊ ဒေသတစ်ခုသိမ်းပိုက်နိုင်ရုံဖြင့် တော်လှန်ရေးပြီးပြတ်သွားမည် မဟုတ်ဘဲ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်အာဏာရှင်ရုံးစိုက်ရာ နေပြည်တော်ဌာနချုပ်ကို ဖျက်ဆီးအနိုင်ယူနိုင်မည့် မဟာဗျူဟာကို စနစ်တကျ အကောင်အထည်ဖော်နိုင်ရန် လိုအပ်သည်ဟု ၎င်းက ပြောသည်။

ထို့ပြင် မဟာမိတ်တော်လှန်ရေး အင်အားစုများအကြားတွင် ပူးပေါင်းတိုက်ပွဲများ ဖော်ဆောင်နိုင်ရန်အတွက် ပူးပေါင်းလေ့ကျင့်ရေးများ လိုအပ်နေပြီး ထိုမှသာ မဟာဗျူဟာကျသည့် တိုက်ပွဲများ ဖော်ဆောင်နိုင်မည်ဖြစ်သည်ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

သို့သော်လည်း တစ်ချိန်က မီးကျိုးမောင်းပျက် လက်လုပ်သေနတ်များဖြင့် စတင်ခဲ့သော အညာဒေသတော်လှန်ရေးသည် ၃နှစ်ကျော်ကာလအတွင်း၌ တွေ့ကြုံခဲ့ရသော စစ်ရေးအတွေ့အကြုံများနှင့် အားနည်းချက်များမှ သင်ခန်းစာယူကာ စစ်ကောင်စီတပ်များကို တန်ပြန်ထိုးစစ်များ ပြုလုပ်လာနိုင်နေသည်။

လက်နက်ခဲယမ်းဖြည့်တင်းနိုင်မှုနှင့် တပ်ရင်းတပ်ဖွဲ့အချင်းချင်းကြား အချိတ်အဆက်မိမိ စုဖွဲ့အားများ ပိုမိုကောင်းမွန်လာရန် လိုအပ်နေသည်ဆိုသော်လည်း မန္တလေး၊ တောင်ဘက် မြင်းခြံအထူးစစ်ဆင်ရေးနှင့် ဒီပဲယင်းမြို့သိမ်းတိုက်ပွဲများသည် ရှမ်းမြောက်၊ ကချင်နှင့် ရခိုင်စစ်မျက်နှာများတွင် စစ်ရှုံးနေသော နေပြည်တော်မှ စစ်ဗိုလ်ချုပ်များအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုပင်ဖြစ်သည်။

“တော်လှန်ရေးခရီး သုံးနှစ်ကျော်အတွင်းမှာ PDF ရဲဘော်တွေအနေနဲ့ ပိုပြီး ထုသားပေသားကျလာတယ်လို့တော့ ကျွန်တော်မြင်ပါတယ်။ တော်လှန်ရေးကာလဖြစ်တဲ့အတွက် အခက်အခဲတွေ၊ လိုအပ်ချက်တွေ၊ မပြည့်စုံမှုတွေကတော့ တောက်လျှောက်ကြုံခဲ့ရတာပေါ့ဗျာ။ သို့သော် ကျွန်တော်တို့ ဖြေရှင်းနိုင်ခဲ့တယ်၊ ကျော်လွှားနိုင်ခဲ့တယ်”

အခုကော ပြည့်စုံပြီလားဆိုတော့ မပြည့်စုံပါဘူး။ မပြည့်စုံပေမဲ့ ကျွန်တော်တို့ ရင်ဆိုင်မယ်၊ ကျွန်တော်တို့ တိုက်ပွဲဝင်မယ်။ ကျွန်တော်တို့ အောင်ပွဲခံဖို့ အဆင်သင့်ရှိတယ်ဆိုတာကိုတော့ ပြောချင်ပါတယ်” ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဆိုသည်။

“မင်းအောင်လှိုင်ရဲ့ နောက်ဆုံးနေ့ရက်တွေကတော့ ကျွန်တော်တို့မျက်စိရှေ့ကို ရောက်ရှိလာခဲ့ပြီလို့ ပြောနိုင်ပါတယ်။ တစ်လောကတောင် ကျွန်တော် ကဗျာလေးတစ်ပုဒ် ရေးဖြစ်ပါသေးတယ်။

ရောင်နီမြင်ရပြီ မင်းနဲ့လက်တစ်ကမ်းကို ငါရောက်ပြီ သီချင်းသံပြိုင်ဆိုကြသည်” ဟု သူက ဆိုသည်။





Source link

Post a Comment

Previous Post Next Post