(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၂၄
သိမ်းယူထားတဲ့ နယ်မြေတွေရဲ့ အုပ်ချုပ်ရေး နဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ အောင်မြင်အောင် ဖေါ်ဆောင်နိုင်ဖို့
လွန်ခဲ့တဲ့ ၁၀ လ ဝန်းကျင်အတွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ၊ PDF အဖွဲ့အချို့ အနေနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း နဲ့ ကရင်နီပြည်တို့မှာ မြို့တွေ၊ နယ်တွေ သိမ်းယူနိုင်ခဲ့ပါတယ်။
မြို့တွေသိမ်းယူနိုင်ခြင်းဟာ စစ်ရေးအရ အရေးပါတဲ့ ဗျူဟာစခန်းတွေ၊ အခြေစိုက် တပ်ရင်းစခန်းတွေကို သိမ်းယူနိုင်တာထက် ပိုမိုထင်ရှားတဲ့ပြယုဂ်တခု သဖွယ်လည်းဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရား တစိတ်တပိုင်းကို ဖြိုချနိုင်တဲ့ သဘောလည်း ဆောင်တယ်လို့ဆိုနိုင်ပါတယ်။
မြို့တွေကို သိမ်းယူတာနဲ့ အတူတတွဲထည်း တလက်စတည်း ပါလာတဲ့ တာဝန်ကတော့ မြို့အုပ်ချုပ်ရေး အကောင်အထည်ဖော်ဖို့ ၊ ပြည်သူလူထု အေးချမ်းစွာ နေထိုင် လုပ်ကိုင်စားသောက်နိုင်ဖို့ ရေ၊ မီး၊ မြို့ သန့်ရှင်းရေး၊ ကျန်းမာရေး ဝန်ဆောင်မှု နဲ့ ပညာရေး စတဲ့ ကဏ္ဍတွေကို ဘယ်လို စီမံမလဲ ဘယ်သူတွေနဲ့ စီမံမလဲ ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ အခုလက်ရှိ အချိန်ကာလတွေအထိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ၊ NUG/PDF တွေ အနေနဲ့ မြို့တွေသိမ်းယူပြီးနောက် အုပ်ချုပ်ရေး ဖော်ဆောင်မယ်လို့ အသိပေးကြေညာမှုတွေ ရှိသလို အချို့မြို့တွေမှာ အသိပေးကြေညာမှု မရှိသော်လည်း မြို့ကို ထိန်းချုပ်ထားတဲ့ အဖွဲ့တွေအနေနဲ့ လုပ်ဆောင်ရမယ့် ဝတ္တရားက ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် ကျရောက်လာတာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်းမြို့တို့ကို TNLA က သိမ်းပိုက်ပြီးနောက်မှာ အုပ်ချုပ်ရေး ဖေါ်ဆောင်မယ့် အကြောင်း ယခု နှစ်ဆန်းပိုင်းက ကြေညာခဲ့သလို၊ မကြာသေးတဲ့ သြဂုတ်လဆန်းမှာ လားရှိုးမြို့ကို MNDAA က သိမ်းယူအပြီး အုပ်ချုပ်ရေး ဖော်ဆောင်မယ်ဆိုတဲ့ ကြေညာချက်ကို အလျင်အမြန် ထုတ်ပြန်ကြေညာခဲ့တာလည်း တွေ့ရပါတယ်။ စစ်ရေးအရ သိမ်းယူနိုင်ခဲ့တဲ့ လားရှိုးမြို့ကို မြန်မြန်ဆန်ဆန် အုပ်ချုပ်ရေး ဖေါ်ဆောင်မယ့်အကြောင်းနဲ့ ယခင် စစ်အစိုးရလက်ထက်က သတ်မှတ်ထားခဲ့တဲ့ အထူးဒေသ ၁ နယ်မြေအဖြစ် ထည့်သွင်းကြေညာခဲ့တာကို ကြည့်ရင် ကိုးကန့်လက်နက်ကိုင် အဖွဲ့ MNDAA အနေနဲ့ လားရှိုးမြို့ကို သိမ်းပိုက်နိုင်တဲ့ နယ်မြေ ပုံမှန်အနေအထား ပြန်ရောက်အောင် ထူထောင်ရေး လုပ်နေပြီဆိုတဲ့ ပုံရိပ်ကို ပြသဖို့ စိတ်စောနေတဲ့ သဘောလို့လည်း ကောက်ချက်ချနိုင်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ PDF အဖွဲ့တွေ အနေနဲ့ မြို့တွေ၊ နယ်တွေကို လက်နက်ကိုင် တိုက်ခိုက်ပြီး သိမ်းယူတဲ့ အနေအထားမှာတော့ စစ်ရေးအသာစီးရှိခြင်း၊ တိုက်ရည်ခိုက်ရည် စိတ်ဓါတ်တက်ကြွမှု၊ လက်နက်နဲ့ လူအင်အား တောင့်တင်းမှုတွေက အနိုင်ရဖို့ အခြေခံ အချက်အလက်တွေ ဖြစ်ခဲ့တာပါ။
အဲဒီနောက် သိမ်းယူရရှိတဲ့ မြို့တွေနယ်တွေကို ထိန်းသိမ်းပြီးနောက်မှာ ရင်ဆိုင်ရမယ့် စိမ်ခေါ်မှုနဲ့ တာဝန်တွေက စစ်ရေး စွမ်းဆောင်ရည်တခုထည်းတင် မဟုတ်တော့ဘဲ ကျွမ်းကျင်သူ၊ ဘဏ္ဍာငွေ၊ စစ်ပွဲကြောင့် ပျက်စီးထားတဲ့ မြို့ရွာတွေကို အရပ်ဘက်အုပ်ချုပ်ရေး ဖေါ်ဆောင်နိုင်ဖို့၊ ကျန်းမာရေး၊ ပညာရေး နဲ့ လူထုအတွက် အခြေခံ လိုအပ်ချက်၊ ရေ၊ မီး၊ ဆေးခန်း စတာတွေကို ပြန်လည်ထူထောင်ရမယ့် ဝန်ထုပ်ဝန်ပိုးက ကြီးမားတာကို ရင်ဆိုင်တွေ့ကြုံ လာကြရမှာ ဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ တဖက်မှာ ပျက်စီးနေတဲ့ အဆောက်အဦတွေ၊ တကွဲတပြားစီ ဖြစ်သွားတဲ့ ဝန်ထမ်းတွေ၊ လိုအပ်တဲ့ ဘဏ္ဍာငွေအတွက် ကုန်သွယ်မှုတွေကနေ အခွန်အကောက် ကောက်ခံဖို့ စတာတွေကို လုပ်ဆောင်ရတဲ့ အနေအထားက တစစီဖြစ်နေတဲ့ အရာတွေကို ရှာဖွေ ကောက်ယူပြီး ပြန်ဆက်ရတဲ့ အနေအထားမျိုး နဲ့ အလားသဏ္ဍာန် တူနေတာ တွေ့ရပါလိမ့်မယ်။ ပျောက်ဆုံးသွားတဲ့ အစတွေ အစိတ်အပိုင်းတွေနေရာမှာ ဘယ်လို အစားထိုး ဆက်စပ်မလဲ ဆိုတာလည်း အရေးကြီးတဲ့ မေးခွန်း တခုဖြစ်လာတာပါ။
နောက်တချက်က စစ်ဘေးစစ်ဒဏ် ခံစားထားရတဲ့ မြို့တွေ၊ နယ်တွေကို ပြန်လည်ထူထောင်ဖို့ က အငြင်းပွားစရာ မရှိသော်လည်း ပြန်လည်ထူထောင်ရေးကို ဘယ်အချိန်မှာ စတင်မလဲ၊ အချိန်တန်၊ မတန် ဆိုတဲ့ မေးခွန်းက ဖြေရခက်တဲ့ မေးခွန်းဖြစ်ပါတယ်။ ဥပမာအားဖြင့် ကိုးကန့် သိမ်းထားတဲ့ လားရှိုးမြို့ ကိုကြည့်ရင် မြို့နေလူထု ရာနှုန်းအချို့ ပြန်လည်ရောက်ရှိလာကြတာ မှန်ပေမယ့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ၊ စီးပွားရေး၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုတွေ လည်ပတ်နေပြီလို့ မဆိုနိုင်တဲ့ အနေအထားဖြစ်ပြီး လူထု အနေနဲ့လည်း ပျက်စီးထားတဲ့ နေအိမ် အဆောက်အဦတွေကို ပြင်ဆင်နိုင်သည့်တိုင် အခုချိန်မှာ အပစ်ရပ် သို့မဟုတ် ငြိမ်းချမ်းရေး သဘောတူညီမှု တစုံတရာမရှိတာကြောင့် ချီတုံချတုံ ဖြစ်နေတဲ့ အနေအထားမျိုး ဖြစ်နေကြတဲ့ အနေအထားလို့ နားလည် ရပါတယ်။ မိမိတို့ နေအိမ်တွေမှာ ကျန်ရစ် ခဲ့တဲ့ ပရိဘောဂ၊ အသုံးအဆောင်တွေ ပျက်စီး ခိုးယူခံရမယ့် အရေးကို ကာကွယ်ဖို့ မိမိတို့နေအိမ်ကို ပြန်လာကြတဲ့ သဘောလို့ ပြောရင်လည်း မှားမယ် မထင်ပါဘူး။ ဒါက မြို့နေလူထု ဘက်က မဆုံးဖြတ်နိုင်တဲ့ အနေအထားဖြစ်ပြီး သိမ်းယူထိန်းချုပ်ထားတဲ့ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့လည်း လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ မြို့တွေကို စစ်ကောင်စီက အခွင့်သာတာနဲ့ အခြေအနေပေးတာနဲ့ ပြန်သိမ်းဖို့ ကြိုးစားမယ့် ဖြစ်နိုင်ခြေလည်း ရှိနေတာကို သတိမူမိထားကြပြီး ဖြစ်ပါတယ်။
တနည်းပြောရရင် စစ်ပွဲက ပြီးပြီလား၊ ပြန်လည်ဖြစ်ပွားဦးမှာလားဆိုတဲ့ ဘယ်အဖွဲ့ကမှာ ယတိပြတ် မပြောနိုင်ပဲ ဘက်အားလုံးရဲ့ အခြေအနေပေါ် မူတည်နေတဲ့ အနေအထားမှာ မြို့တွေရွာတွေကို အုပ်ချုပ်ရာမှာ အာဏာ တည်ကြောင်း ပြသဖို့ကိုသာ စိတ်စောနေကြမယ့် သဘောဖြစ်ပြီး မြို့နေလူထုအတွက် ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု၊ ဝန်ဆောင်မှု လုပ်ဆောင်ပေးတယ် ဆိုတဲ့ အဆင့်မျိုးက ဝေးနေဦးမယ့် အနေအထားလို့ ဆိုရမှာပါ။
အခုလတ်တလော သတင်းတပုဒ်မှာ TNLA က ကျောက်မဲမြို့မှာ ၄င်းတို့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေကပဲ တအိမ်တက်ဆင်း ပျက်စီးမှု စာရင်းတွေ လိုက်ကောက်ယူနေတယ် ဆိုတဲ့အကြောင်း ကြားသိရပါတယ်။ ဒီသတင်းက အရပ်ဖက် အုပ်ချုပ်ရေးဝန်ထမ်းတွေ မရှိတာကို ဖေါ်ပြတဲ့ အချက်အလက်တချို့ဖြစ်သလို မြို့ခံတွေဘက်ကလည်း စာရင်းကောက်တဲ့ ရည်ရွယ်ချက်က ပြန်လည် ထူထောင်ရေးလား၊ ဒါတင်မက စစ်သားစုဆောင်းရေးလည်း ပါဝင်နေလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေကြောင်းလည်း သတင်းထဲ ပါရှိတာ တွေ့ရပါတယ်။
သက်ဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှု ဌာနအသီးသီးမှာ သက်ဆိုင်ရာ အကြောင်းအရာအလိုက် ကျွမ်းကျင်သူ၊ အတွေ့အကြုံရှိသူ ဝန်ထမ်းတွေ ရရှိဖို့ကလည်း ကြီးမားတဲ့ စိမ်ခေါ်မှုတခု ဖြစ်ပါလိမ့်မယ်။ Non-CDM တွေကို မသုံးဘူးလို့ TNLA က ကြေညာခဲ့ဖူးပြီး MNDAA ကလည်း လားရှိုးမြို့ သိမ်းယူပြီးနောက်မှာ CDM ကျန်းမာရေး ဝန်ထမ်းတွေ စာရင်းကောက်ယူပြီး စုဆောင်းနေတဲ့ အကြောင်း သတင်းတွေမှာ ပါရှိခဲ့တာ တွေ့ရပါတယ်။ ဒီဒေသမှာ မွေး ဒီဒေသမှာကြီးတဲ့ CDM ဝန်ထမ်းတွေ အနေနဲ့တော့ ဒီဒေသမှာ ဆက်လက်ကျန်ရှိနေပေမယ့် အခြားဒေသက လာရောက်လုပ်ကိုင်ခဲ့ကြတဲ့ CDM ဝန်ထမ်းတွေကတော့ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွားလာချိန် ဒါမှမဟုတ် အဲဒီကာလမတိုင်ခင်ကတည်းက သက်ဆိုင်ရာ မြို့တွေမှာ မရှိကြတော့တဲ့ အနေအထားလည်း ဖြစ်နိုင်ပါတယ်။
နယ်မြေကို အုပ်ချုပ်တဲ့ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ စစ်ရေးအရ ထိန်းချုပ်ထားတာအပြင် တရားဥပဒေ စိုးမိုးရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စတာတွေက ဆက်လျှက် ပါလာမယ့် တာဝန်ဝတ္တရား တွေလည်း ဖြစ်ပါတယ်။
တရားဥပဒေ စိုးမိုးရေးလို့ ယေဘူယျ ဆိုကြတဲ့ အပိုင်းမှာ ဥပဒေတရပ် ပြဌာန်းကြေညာထားဖို့ လိုအပ်ပြီး၊ တရားဥပဒေကို ကြပ်မတ်မယ့် ရဲတပ်ဖွဲ့၊ တရားစီရင်ရေး ယန္တရား၊ အကျဥ်းထောင် စတဲ့ အသီးသီးသော အင်္ဂါရပ်တွေ ပြည့်စုံအောင် ပြန်လည်စုစည်းရမယ့် တာဝန်ရှိလာတာလည်း ဖြစ်ပါတယ်။
ကျန်းမာရေး ဆေးရုံဆေးပေးခန်း၊ စတာတွေလည်း ဒုတိယအရေးကြီးတဲ့ အကြောင်းအရာ ဖြစ်လာသလို ကုန်စည်ဖလှယ်မှု၊ ကုန်ထုတ်လုပ်မှု၊ ထုတ်လုပ်ထွက်ရှိလာတဲ့ ကုန်တွေ ပြည်တွင်း၊ ပြည်ပကို ပို့ဆောင်နိုင်ဖို့တွေလည်း လိုအပ်လာတာပါ။
မြို့တမြို့ကို သိမ်းယူရရှိဖို့လည်း အခက်အခဲ၊ အသက်ဆုံးရှုံးမှု၊ တိုက်ပွဲစရိတ်တွေ အများအပြားရှိတာ မှန်ပေမယ့် သိမ်းယူထားတဲ့ မြို့ကို အဆင်ပြေစွာနဲ့ အုပ်ချုပ်နိုင်ဖို့ကလည်း ကြီးမားတဲ့ စိမ်ခေါ်မှု တရပ်ဖြစ်လာနေတာ တွေ့ရှိရပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
Post a Comment